Tuesday, July 14, 2009

စိတ်ကူးယဉ်မိတာလေးပေါ့

ငါအမြဲ စိတ်ကူးယဉ်ခဲ့ဖူးတယ်။ မြူနှင်းဝေနေတဲ့ တောင်ကုန်းပေါ်က အိမ်ကလေးမှာ နေချင်ခဲ့ဖူးတယ်။ အခုလဲတကယ်ပဲ တောင်စောင်းကလေး တစ်ခုက တောင်ထိပ်နားနီးနေပြီဖြစ်တဲ့ သဘာဝအတိုင်းပြုလုပ်ထားတဲ့ လှေခါးထစ်လေးတွေကို နှစ်ခြိုက်နေမိတယ်။ ခြေနီပျော့ပျော့တွေကို ပေါက်တူးနဲ့ပေါက်ပြီး လှေခါးထစ်ပုံ ပေါ်တဲ့အခါ ၀ါးလုံးတိုလေးနဲ့ ထိပ်ပိတ်လိုက်တော့ သဘာဝကျကျ လှေခါးထစ်လေး ဖြစ်သွားတာပေါ့။ အဲဒီလှေခါးထစ်ကလေးရဲ့ အဆုံးမှာ တို့အိမ်ကလေး ရှိတယ်။ အိမ်ကလေးရဲ့ ပတ်လည်မှာတော့ ငှက်ပျောပင်တွေရှိတယ်။ အိမ်ရဲ့ အနောက်ဖက်မှာတော့ အုတ်ဂူလေးတစ်လုံး ရှိတယ်လေ။ အစကတော့ အရမ်းကြောက်နေခဲ့တာ။ အခုတော့လည်း ဘာမှ မထူးဆန်းတော့ပါဘူး။ ပြီးတော့ ဒါဟာ သဘာဝတရားပဲမဟုတ်လား။ အိမ်ရဲ့ တဖက်မှာတော့ တောင်ထိပ်ထိ ဆက်တက်သွားလို့ရတဲ့ တောလမ်းကလေးပဲ ရှိတော့တယ်။ အိမ်လေးကို အောက်လှေခါးထစ် ကနေ လှမ်းကြည့်ရင် ၀ါးလုံးနဲ့ထောက်တင်ထားတဲ့ ပြတင်းပေါက်နှစ်ခုနဲ့ ဖွဲ့ထားတဲ့ အခန်းလေးကို သက်ကယ်မိုးနဲ့ အရင်ဆုံးမြင်ရပြီး အခန်းလေးရဲ့ နောက်နားကျကျဘေးမှာတော့ ၀ါးလုံးတွေကို ဆင်ခြေလျောခင်းထားတဲ့ ဖိနပ်ချွတ်လေးရယ်၊ အဲဒီကနေ တဆင့် တက်လိုက်ရင် ဘုရားစင်လေးရှိတဲ့ ၀ါးခင်းကြမ်းပြင်နဲ့ အခန်းကျယ်ကလေးပေါ့။ တဖက်မှာတော့ ပျဉ်ခင်းထားတဲ့ အခန်းရှည်တစ်ခု ရှိတယ်။ နောက်ထပ်မြင်ရမှာကတော့ ပြတင်းပေါက်နှစ်ခုနဲ့ အခန်းရဲ့ဘေးမှာ မီးဖိုဆောင်ရယ်၊ ကပ်လျက်မှာ တဆင့်နိမ့်တဲ့ ကပြင်တစ်ခုရှိတယ်။ ထမင်းစားခန်းကတော့ ပြတင်းပေါက်လေး နှစ်ခုနားမှာပေါ့။ အိမ်လေးကနေ ဘယ်ဘက်ကို သွားလိုက်ရင် ရေတွေကို လိုသလိုရနိုင်တဲ့ ငှက်ပျောတောကြီးရှိတယ်။ ရပ်ကွက်ထဲက လူတွေက အဲဒီကနေပဲ ပိုက်သွယ်ပြီး ရေယူကြရတာလေ။ ဆက်ပြီးအမြင့်ကို တက်သွားမယ် ဆိုရင်တော့ “ကျောက်ဖြူ” လို့ခေါ်တဲ့ တောင်လေးရှိတယ်။ သွားကြည့်ရင် မြင်ရမှာကတော့ ကျောက်တုံးဖြူဖြူလေးတွေကလွဲပြီး ဘာမှတွေ့ရမှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ လူတော်တော်များများက ငြိမ်သက်အေးဆေးတဲ့ နေရာတစ်ခုအဖြစ် သတ်မှတ်ပြီး စိတ်အပမ်းဖြေဖို့ သွားရောက်လေ့ ရှိကြတယ်။ နောက်တခုက အဲဒီတောင်ကနေ ဆင်းသွားရင် သစ်ပင် ထောက်ထောက်ကြီး တစ်ပင်ရှိတယ်။ ကလေးတွေ ဆော့လေ့ရှိတဲ့ နေရာလေးတစ်ခုပေါ့။ ဒီဒေသလေးကို ကြိုက်နှစ်သက်ရတဲ့ အကြောင်းကတော့ သဘာဝအလျှောက် ပွင့်ဖူးနေတဲ့ ပန်းလေးတွေရှိလို့ပေါ့။ ပင်ယံမြင့်မှာ ပွင့်တဲ့ ချယ်ရီပန်း၊ အရောင်းအသွေး စုံလင်လှတဲ့ ဒေလီယာပန်း၊ နှင်းဆီပန်း၊ သစ်ခွပန်း၊ ဖယောင်းပန်းတွေရှိတယ်။ ဒါပေမဲ့ ထူးခြားတာက အနံ့သင်းသင်းသာရှိတဲ့ မိချောင်းပန်းလေးကတော့ သဘာဝပန်းလေးလို့ ပြောလို့ရပါတယ်။ ပန်းအပွင့်ကသေးပြီး အဖြူရောင်ရှိပါတယ်။ နောက်ပြီး အခိုင်လိုက်လည်း ပွင့်တတ်ကြပါတယ်။

စိတ်ကူးယဉ်တယ် ဆိုတာ လက်တွေ့ဘ၀ထက် ပိုပြီး ကြည်နူးစရာ ကောင်းနေပါတယ်။ စိတ်ရဲ့စေရာကို အသာလေးမျှောပြီး လိုက်သွားရုံပါပဲ။ အဲလိုပဲ စိတ်ကူးယဉ်တတ်တယ် ပြောပြော၊ လက်တွေ့ဘ၀မှာတော့ အကောင်းဆုံး အနာဂတ်ကို ဖန်တီးတတ်ဖို့ လိုပါတယ်။ အဲလိုမှ မဟုတ်ရင်တော့ စိတ်ကူးတွေယဉ်ပြီး လက်တွေ့မှာတော့ အကျိုးမဲ့နိုင်ပါတယ်။ စိတ်ကူးယာဉ်သမား တစ်ယောက်ရဲ့ စိတ်ဟာ ဇတ်ညွှန်းဆရာတစ်ယောက်ရဲ့ စိတ်နဲ့တူနိုင်ပါတယ်။ ဇတ်ကောင်ကို ကိုယ်လိုရာနေရာချပြီး ဇတ်သိမ်းမှာ လိုရာပုံစံခွက်ထဲ ထည့်တတ်ကြပါတယ်။ တစ်ခုကတော့ သူတို့ရဲ့စိတ်ဟာ နူးညံ့ပုံ ပေါက်ပါတယ်။ ငြိမ်သက်အေးဆေးပြီး ပျော်စရာကောင်းလှတဲ့ ဘ၀ကို နှစ်သက်လေ့ရှိပြီး အကောင်းအဆိုး ဒွန်တွဲနေတဲ့ လောကဓံကိုတော့ ရင်ဆိုင်ချင်စိတ် မရှိကြဘူး။ ဒါကြောင့် စိတ်ကူးယဉ်သမား ဆိုရင် လူတွေက တစ်မျိုးထင်တတ်ကြ ပါတယ်။ တကယ်တော့ စိတ်ကူးယဉ်တယ် ဆိုတာ ပန်းကလေးတစ်ပင် ရှင်သန်လာဖို့ နေ့စဉ်ရေလောင်းပေးနေတဲ့ ဥယျဉ်မှူးကြီးလိုပါပဲ။ စိတ်ကူးထဲက အချက်တွေကို လက်တွေ့ဘ၀မှာ အကောင်အထည်ဖော်နိုင်ဖို့ ရေလောင်းပေးရမယ့် ဥယျာဉ်မှူးကြီးကတော့ ကိုယ်ကိုတိုင် ပဲလေ။ အဲလိုဆိုရင်တော့ သာယာလှပတဲ့ စိတ်ကူးယဉ်မှုလေး ဖြစ်လာမှာပေါ့။

ဘာလို့ ဒီလိုပြောနေရတာလဲ ဆိုတော့ ဒီဒေသက စိတ်ကူးယဉ်စရာ နေရာလေးဖြစ်နေလို့ပါ။ ဆောင်းတွင်းဆိုရင် မြူနှင်းတွေ အုံ့ဆိုင်းနေတော့ ပိုလို့တောင် သဘာဝကျပြီး သက်ဝင်လှုပ်ရှား နေပါတယ်။ ကဗျာဆရာတစ်ယောက်သာ ဆိုရင် တောင်တန်းတွေရဲ့ အလှကို ရေးဖွဲ့စီကုံးလို့တောင် ကုန်မှာမဟုတ်ပါဘူး။ ပန်းချီဆရာသာ ဆိုရင်တော့ နှစ်လိုဖွယ်ရာကောင်းတဲ့ ရှုခင်းတွေကို ပန်းချီကားချပ်ပေါ်မှာ အကောင်အထည်ဖော် ရေးဆွဲမိမှာ အသေအချာပါပဲ။ ဒီဒေသက လူတွေဟာ ဘာသာတရားလည်း အလွန် ကိုင်းရှိုင်းကြပါတယ်။ မိမိကိုးကွယ်တဲ့ ဘာသာအပေါ်မှာ အလွန်တရာမှ ကြည်ညိုပြီး အလှူအတန်းနဲ့ ပတ်သက်လာရင် သဒ္ဓါတရားလည်း ထက်သန်ကြပါတယ်။ ဒါကတော့ ဒီဒေသက လူတွေရဲ့ ချစ်စရာကောင်းတဲ့ စိတ်ဓာတ်လေး တစ်ခုပေါ့။

အားလုံးကို ခြုံပြောရမယ် ဆိုရင် သဘာဝကျလှတဲ့ အလှအပတွေနဲ့ ဖွဲ့စည်းထားတဲ့ ဒီဒေသလေးဟာ စိတ်ကူးယဉ်ခဲ့ဖူးတဲ့ နေရာလေး တစ်ခုပေါ့။

Friday, July 10, 2009

weBuzZ



Gtalk ကို web ကနေ သုံးလို့ရအောင် လုပ်ထားတဲ့ website ကလေးတစ်ခုပါ။ Gtalk မရှိရင် လွယ်ကူစွာနဲ့ အသုံးပြုနိုင် ပါတယ်။ ဒါပေမဲ့ Call လုပ်လုပ်တော့ ရမှာမဟုတ်ပါဘူး။

Gtalk အပြင်၊ LiveMessenger, YahooMessenger, Aim တို့ပါပါဝင် ပါတယ်။

အသုံးပြုပုံကလဲ အလွယ်လေးပါ။ သူ့အောက်ခြေမှာ iCon လေးတွေနဲ့ ပြထားပါတယ်။ အသုံးလိုတဲ့ Messenger ကို Click လေးတစ်ချက်နှိပ်လိုက်ရုံပါပဲ။ ပျော်ရွှင်ပါစေဗျာ။

http://webuzz.im

From www.zairem.com